ရှမ်းပြည်တောင်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပင်လောင်းမြို့နယ်၌ လူအင်အား ၁ သောင်း စုဆောင်းကာ စစ်သင်တန်းပေး နေကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က ယမန်နေ့က ထုတ်ဖော်ပြသပြောဆိုခဲ့သည်။
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပင်လောင်းမြို့နယ်အတွင်း ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဦးဆောင်၍ နောင်တရား ဒေသခံပြည်သူ များက စစ်အင်အား(၁)သောင်းဖြင့် စီမံဆောင်ရွက်မည်ဟု ဆိုသည်။
ထို့အတွက် ယမန်နေ့က ကျင်းပသည့် အမှတ် ၁ သင်တန်းဆင်းပွဲကို ပအိုဝ်းအမျိုးသားတပ်မတော်(PNA) စစ်ဦးစီးချုပ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO ) ပါတီဝင်များ၊ စစ်ဒေသမှူးများနှင့် ပြည်သူတို့ တက်ရောက်အားပေးကြောင်း ထုတ်ပြန် သည်။
သို့သော် စစ်သင်တန်းဆင်း တပ်ဖွဲ့ဝင် အင်အား ၁ သောင်း စုဆောင်းကာ လုံခြုံရေးဆောင်ရွက်ခြင်းသည် နေပြည်တော် အတွက် ခံစစ်ပြင်သည့် ရည်ရွယ်ချက်ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။
စစ်ရေးသုတေသီတဦးက “အဓိကတော့ နေပြည်တော်လုံခြုံရေးပေါ့။ နေပြည်တော်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တာက ပင်လောင်း၊ နောင်တရားပေါ့၊ ပင်လောင်းကနေ တောက်လျောက် ဆင်းလာရင် နေပြည်တော်ရောက်တာကိုး။ ပင်လောင်း မှာ ပအိုဝ်းပြည်သူ့စစ်တွေကို အတင်းလေ့ကျင့်ပေး တယ်ဆိုတာက နေပြည်တော်အတွက် ခံစစ်ပြင်တာ။ နေပြည်တော် မကျရေးအတွက် ပင်လောင်း၊ နောင်တရားရယ် လွိုင်ကော်ရယ်ကို ခံစစ်ပြင်နေတာပါ” ဟု ပြောသည်။
စစ်ကောင်စီသည် နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့် ကရင်နီပြည်ကိုလည်း ပြန်လည်ထိန်းချုပ်မှုများ ပြုလုပ်လာရာ လွိုင်ကော်မြို့တွင် ကာကွယ်ရေးများ ပိုမိုပြုလုပ်နေသလို လက်လွှတ်ခဲ့ရသည့် ဒီးမောဆို၊ ဖရူဆို၊ ဘောလခဲ စသည့် ဒေသ များကို ဖြန့်ကျက်ရန် ကြိုးစားလာပြီး ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များအထိ နယ်မြေစိုးမိုးရန် ပြုလုပ်လာ သည်ကို တွေ့ရသည်။
သြဂုတ်လ ၂၀ ရက်က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်သည် လွိုင်ကော်မြို့သို့ သွားရောက်ကာ ဌာနေ ပြည်သူ့စစ်များနှင့် တွေ့ဆုံကာ စားနပ်ရိက္ခာများ ဖြည့်တင်းပေးခဲ့သေးသည်။
CDM ဗိုလ်ကြီးဇင်ယော်က “စစ်အင်အား ၁ သောင်းဆိုတာ တော်တော်ကြောက်စရာကောင်းတာ။ စစ်ကောင်စီဘက်က လက်နက်တပ်ဆင်ပေးနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပဲ၊ ရခိုင်နဲ့ ကရင်နီဘက်က ရဲဘော်သစ်တွေကို ပေးလိုက်တဲ့ လက်နက်တွေက MA စီးရီးတွေ အမဲဆီတောင် မပြောင်ဘူး။အမဲဆီ မပြောင်ရင် ပစ်လို့မရဘူး။ လက်နက်တွေကို စက်ရုံက ထုတ်ပြီးဆိုကတည်းက ကြာရှည်ခံအောင် အမဲဆီထိုးပြီး သိမ်းထားတာ၊ ပြောင်အောင်သုတ်မှ ကျည်ရိုက်တံ အလုပ်လုပ်ပြီး ပစ်လို့ရတာ၊ ထွက်ပြေးလာတဲ့သူတွေပါလာတဲ့ သေနတ်ရာခိုင်နှုန်းတော်တော်များများက အမဲဆီကို စင်သုတ် မထားရသေး ဘူး။ အဲဒီတော့စစ်တပ်မှာ လက်နက်အလျင်မီစရာ အကြောင်းမရှိဘူး” ဟု ဆိုသည်။
ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်မြောက်ပိုင်းမှ လက်နက်ခဲယမ်းများ ကရင်နီအပါ အဝင် ပြည်မရှိ တော်လှန်ရေးအင်အားစုများထံသို့ ဝင်ရောက်သည့် လမ်းကြောင်းဖြစ်သဖြင့် စစ်ကောင်စီက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပူးပေါင်း၍ တားဆီးရန် ပိုမိုအားစိုက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာ သူတို့က သုံးသပ်သည်။
ပင်လောင်းမြို့နယ်မှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တဦးက “PNO က သူ့ရဲ့ အုပ်ချုပ်ပုံစနစ်အရ ရပ်ရွာတွေအထိ သြဇာက အတော် သက်ရောက်တယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကလည်း သူတို့လူတွေများတယ်။ ဒေသခံတွေကလည်း သူတို့ တောင်းတဲ့ လူတို့ ဆက်ကြေးတို့ကို မဖြစ်မနေ ပေးနေကြရတာ” ဟု ပြောသည်။
ပအိုဝ်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာများတွင်လည်း PNO က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုန်း၊ ပင်လောင်းမြို့နယ်များတွင် တပ်သားသစ်စုဆောင်းခြင်းများနှင့် ဆက်ကြေးကောက်ခြင်းကို ဆိုးဆိုးရွားရွား ပိုမိုပြုလုပ်ခဲ့ကြောင်း၊ စစ်မှုထမ်းအတွက် အကြိုလေ့ကျင်ပေးသည်ဆိုကာ ရက်သတ္တပတ် အခြေခံစစ်သင် တန်းများကို ပေးကာ ဝတ်စုံနှင့် လက်နက်များ တပ်ဆင်၍ ရပ်ရွာလုံခြံရေး ကင်းစောင့်ရသလို တချို့လည်း ရှေ့တန်းသို့ ပို့ကြောင်း ဆိုထားသည်။
ဆီဆိုင်မြို့နယ်မှ အမျိုးသားတဦးက “ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆက်ကြေးကောက်တာတွေက ခဏခဏပဲ ၊ နှစ်သောင်းကျပ် သုံးသောင်းကျပ် ပေးရတယ်။ နောက်ပြီး ရွာတိုင်းနီးပါး သင်တန်းတက်ရတယ်။ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ထိ တက်ခိုင်းတယ်။ အိမ်မှာမရှိဘဲ နိုင်ငံခြားအလုပ်သွားလုပ်နေတဲ့ သူတွေအတွက်ဆို တယောက်ကို ၁၂ သိန်းထည့်ရတယ် “ဟု ပြောသည်။
အာဏာသိမ်းစ အစောပိုင်းကာလများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ဒေသခံ ပြည်သူများအား အခြေခံသိုင်း ပညာမဖြစ်မနေ သင်ကြားရမည်၊ အခြေခံစစ်ပညာသင်တန်းတက်ရောက်ရမည်ဟု ဖိအားပေးခဲ့သည်။ ၂၀၂၂ ခု နှစ်လယ် မှစ၍ လချီ၍ တက်ရသည့် စစ်သင်တန်းများပေးခဲ့ရာ သင်တန်းအမှတ်စဉ် ၇ ထိပေးခဲ့ပြီး အင်အား ၂၀၀၀ ကျော် စုဆောင်း နိုင်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ဆီဆိုင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း PNO က တပ်သားသစ်စုဆောင်းခြင်းများကို အတင်းအဓမ္မထပ်မံလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထောင်ချီရှိသည့် လက်နက်အသစ်များ တပ်ဆင်ပေးခဲ့သည်။
ယခုလို ပင်လောင်း နောင်တရားဒေသကို အခြေခံ၍ PNO က လူသူစုဆောင်း နေခြင်းအပေါ် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၏ ပြောခွင့်ရ ခွန်ရိန်းယံက “အင်အား တသောင်း စုပြီး တတိုင်းပြည်လုံးရဲ့ ရန်သူ အကြမ်းဖက်စစ်ကောင်စီကို ပအိုဝ်ဒေသက တိုက်ထုတ်မယ်ဆိုရင် ကြိုဆိုတယ်၊ စစ်ကောင်စီ လက်အောက် ကျွန်အဖြစ်နဲ့ နေမယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကို ကာကွယ်တဲ့ ကျွန်တသောင်း တိုးလာပဲ ဖြစ်တယ်၊ ဒီတော့ ကိုယ်ကကျွန်လား လွတ်လပ်တဲ့လူမျိုးလားဆိုတာ ကိုယ့်ဆင်ခြင်ဉာဏ်နဲ့ ဆုံးဖြတ်ချိန်တန်ပြီ၊ ကျွန်အဖြစ် အသက် ၁၀၀ ရှင်ရတာထက် လွတ်လပ်တဲ့လူအဖြစ် ၁ ရက်အသက်ရှင်ရတာ ပိုမြတ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
၂၀၁၉ ခုနှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ ပင်လောင်းမြို့နယ်၌ လူဦးရေ ၁၈၅၀၆၅ ဦးနေထိုင်ပြီး ပအိုဝ်းလူမျိုးများက ၇၄ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးနေထိုင်ကြသည်။ပင်လောင်းမြို့နယ်သည် အရှေ့ဘက်တွင် ညောင်ရွှေမြို့နယ်၊တောင်ဖက်တွင် ဖယ်ခုံမြို့နယ်၊အနောက်ဘက်တွင် နေပြည်တော် တပ်ကုန်း၊ ပျဉ်းမနား၊မြောက်ဘက်တွင် ကလောမြို့နယ်များနှင့်နယ်နမိတ်ချင်း ထိစပ်နေသည်။